Friday 15 July 2011

ဂျပန်ပြည့်သို့ ပထမအကြိမ် ကြွတော်မူခြင်း


        ထိုသို့ ဂျပန်ပြည်သို့ သွားခြင်း အကြောင်းအရာများကို အရှင်ဦးဥတ္တမကိုယ်တိုင်ရေးသားသော 
“ဂျပန်ပြည်အကြောင်း” စာအုပ်တွင်အောက်ပါအတိုင်း ဖော်ပ်ြထားသည်ကိုတွေ့ရ၏။
            “ငါတို့ဗုဒ္ဓဘာသာ သာသနာတော်သည် ရှေးအခါက အိန္ဒိယနိုင်ငံ မဇ္စျိမဒေသတွင် အလွန်တရာ 
ကြီးပွား၍ ယခုအခါဘယ်အတွက်ကြောင့် ဗုဒ္ဓဘာသာတရားကို မကိုးကွယ်ကြလေသနည်း။ 
မိမိတို့ 
ဗုဒ္ဓသာသာ တရားတော်သည် နှစ်ပေါင်း ၂၀၀၀ - ကျော်ကာလက တည်ဘိသကဲ့သို့ 
ယခုလည်းတည်စေလိုသောဆန္ဒဖြင့် အိန္ဒိယနိုင်ငံသို့သွား၍ ထိုသူတိုရ၏ဘာသာ၊ အယူဝါဒ၊ ထုံးစံ၊ 
စည်းကမ်း၊ နည်းလမ်းတို့ကို သင်ပြီးလျှင် နားလည်းတတ်မြောက်၍ ရှင်တော်ဘုရား၏ တရားတော်မြတ်ကို 
ဟော၍နေသည့်အတွင်း တိဘက်နိုင်ငံတွင် ရဟန္တာရှိသည်ဟု ပြောသံကြားသဖြင့် ထိုင်နိုင်ငံသို့ 
သွားလိုသောဆန္ဒဖြင့် ဟိမ၀န္တာတောင်ခြေရင်း၏ အနားတွင် တည်ရှိသော ဒါဂျီလင်မြို့သွား၍ 
တိဘက်နိုင်ငံသို့သွားရ၊ မသွားရ စုံစမ်းကြည့်ရာ တိဘက်ဘာသာစကားတတ်လျှင် 
သွားနိုင်သည်ဟုသိရကြောင့် မေလတွင် စ၍သင်သည်။ 
နိုင်ဝင်ဘာလကျသောအခါ 
အလွန်ချမ်းအေးလှသဖြင့် ကာလကတ္တားသို့ ပြန်လာခဲ့သည်။
ဧပြီလကျသောအခါ သွား၍သင်ကြားပြီး အနည်းငယ် ပြောတတ်ဆိုတတ်သောအခါ ဒါဂျီလင်မှ 
တိဘက်သို့သွား၏ နယ်ခြားသို့ ရောက်သောအခါ အ၀င်ရဟုဆို၍ ပြန်လာပြီးလျှင် ကရိမာယာနိုင်ငံသို့ 
သွားပြန်၏။ ထိုနိုင်ငံက ဆရိနာဂရမြို့က ၁၅-ရက် ခရီးခန့်ကွာဝေးသော 
လဒက်မြို့က၀င်ရအောင်သွားရောက်ပြန်၏။ 
မ၀င်ရဟုတားမြစ်သည့်အတွက် စိတ်ပျက်ပြီးလျှင် အိန္ဒိယနိုင်ငံအတွင်းနှင့် 
ရှေးကအလွန်တရားကြီးကျယ်သော အီဂျစ်နှင့် ပြင်သစ်နိုင်ငံစသည့် ဥရောပနိုင်ငံတို့သို့ လှည့်လည်၍ 
သွားနေစဉ်အတွင်း ဂျပန်လူမျိုးတို့နှင့် ရုရှလူမျိုးတို့စစ်ပြိုင်၍ တိုင်ကြရာ စစ်တိုင်သောနေ့ကစ၍ 
စစ်ပွဲပြီးသည့်တိုင်အောင် ဂျပန်လူမျိုးတို့သည် အရေးသာလျက် ရုရှလူမျိုးတို့ကို နိုင်နင်းကြောင်းကို 
သတင်းစာအစောင်စောင်တို့တွင် တွေ့မြင်ရ၍ ရှေးအခါက ရာဇ၀င်၊ မဟာဝင်တို့တွင် အပါအ၀င် 
မဟုတ်သော၊ နိုင်ငံ၏ အရေအတွက်တွင် မသွင်းသော အာရှတိုက် အရှေ့ဘက်က ဆီးမီးခွက်လောက် 
ဂျပန်က ရုရှကိုနိုင်ကြောင်း၊ ဂျပန်လူမျိုးတို့နှင့် ရုရှားလူမျိုးကို ယှဉ်၍ကြည့်လိုက်သော်၊ ဂျပန်တို့ကား 
လူပုလူငယ်၊ ရုရှတို့က ဂျပန်တို့ထက် အားခွန်ဗလပြည့်စုံကြောင်း၊ ထိုမျှသာမကသေး ဂျပန်တို့က 
ဥရောပတိုက်သားတို့နှင့် တခါမျှစစ်မတိုက်ဖူး၊ ရုရှားတို့ကမူ ဥရောပတိုက်သားတို့နှင့် စစ်အကြိမ်ကြိမ် 
တိုက်ခဲ့ဖူးသူများဖြစ်၏။
          “အမေရိကန်၊ အင်္ဂလိပ်၊ ပြင်သစ်၊ ဂျာမနီ၊ ရုရှား ငါးနိုင်ငံအနက် နိုင်ငံတိုင်းက ရုရှကြီးကို 
အလွန်ကြောက်ခဲ့လျက်သာရိုနေ၏။ ထို့ပြင်လည်း ဂျပန်နှင့်အရှေ့တိုက်သားတို့က ဆန်စား၍ 
ဥရောပတိုက်သားတို့က ဂျုံကိုစားကြ၏။ ထိုပြင့် ဗုဒ္ဓဘာသာကို ကိုးကွယ်သူများဟု 
အောက်ကျနောက်ကျထင်နေကြသည်။ သို့ပါလျက် ဂျပန်သည် ရုရှလူမျိုးတို့က စစ်ပြိုင်တိုက်လျှက် 
အဘယ့်ကြောင့်နိုင်သနည်းဟု အံ့သြခြင်းဖြစ်ပြီးလျှင် ယခုအခါ ငါတို့သည်သူတကာထက် 
အစစအရာရာတွင် 
အောက်ကျနောက်ကျနေသည့်အတွက် ငါတို့ ဘာသာတရားသည်လည်း ဘယ်သောအခါ 
ကြီးပွားမည်မဟုတ်။ 
ငါတို့နိုင်ငံ ငါတို့မြန်မာလူမျိုး ကြီးပွားကျော်စော၍ ကမ္ဘာပေါ်တွင် 
ပေါ်လွင်ထွန်းတောက်လိမ့်မည်ဟု အထင်ရှိ၍ ဂျပန်လူမျိုးတို့၏ လုံးလ၀ိရိယ၊ စည်းကမ်းနည်းလမ်း၊ 
ထုံးစံဘာသာ၊ အယူဝါဒ၊ အစားအသောက်၊ အနေအထိုင်၊ အသွားအလာ၊ အပြောအဆို၊ ယဉ်ကျေးခြင်းတို့ကို 
နည်းခံရအောင်အကြံဖြင့် ၁၉၀၇-ခုတွင် မြန်မာပြည်သို့ပြန်လာ၍ ထိုနှစ်ဖေဖော်ဝါရီလ ၄ ရက်နေ့ ရန်ကုန်က 
စင်္ကာပူမြို့သို့ သင်္ဘောစီး၍ထွက်သွားရာ ယိုကိုဟာမားဆိပ်ကမ်းသို့ မတ်လ ၇-ရက်နေ့ရောက်ကြောင်း 
နေရထိုင်ရတာများကို စုံစမ်းလိုက်သော် မြန်မာပြည်က ရဟန်းတော်များကဲ့သို့ ဆွမ်းခံစား၍မရ။ 
တခြားဥရောပတိုက်သား တရားဟောဆရာတို့ကဲ့သို့ ထောက်ပံ့ကြည်ရှူသော အသင်းများလည်းမရှိ။ 
သို့သော်လည်း မိမိပညာကိုအားကိုး၍ မိစ္ဆာဒိဌိဖြစ်သော အိန္ဒိယနိုင်ငံမှာပင် တစုံတယောက် 
ထောက်ပံ့သောသူ မရှိပါဘဲလျက် ၈-နှစ်ကျော်မျှနေထိုင်ခဲ့သည်။ 
ဤဂျပန်ပြည်မှာလည်း နေနိုင်အောင် 
ကြံမည်ဟူသော ဆန္ဒဖြင့်၊ တိုကျိုမြို့ ဗုဒ္ဓဘာသာသိပ္ပံကျောင်းကြီးတွင် အကြီးဥက္ကဌဖြစ်သော အမတ်ကြီး 
အိုတာနီထံ ဦးပဉ္ဇင်းသည် ရဟန်းဝါ ၉-၀ါရ၍ အင်္ဂလိပ်ဘာသာနှင့်တကွ ပါဋ္ဌိဘာသာ၊ 
သင်သကရိုက်ဘာသာ၊ 
ဘင်္ဂလီ၊ နာဂရီ အားလုံး ၈-ဘာသာကို စာနှင့်တကွ တတ်မြောက်၍ အမတ်ကြီး၏ သိပ္ပံကျောင်းတွင် 
အသုံးပြုလိုပါက ဦးပဉ္ဇင်းကို အကြောင်းကြားပါဟု စာပေးလိုက်ရာ နှစ်ရက်နေပြီးမှ စပြန်လာ၏။ 
စာနှင့်ကိုယ်တော်ကြွလာခဲ့ပါ။ 
ကိုယ်တော် ဂျပန်စာနှင့်စကား၊ အယူဝါဒထုံးစံဓလေ့များကို သင်ပါ။ 
သင်နေသည့်အတွင်း စရိတ်စကကို ကျွန်တော်ခံယူပါမည်ဟုဆို၍ ကြွသွားသောအခါ 
အင်္ဂလိပ်စာတတ်သော 
ဂျပန်တစ်ယောက်ကို အပ်လျက်သင်ပြစေသည်။ 
တစ်နှစ်သင်ပြီးလျှင် ဂျပန်စာကို ဘာသာစကားနှင့်တကွ 
စာမေးပွဲဝင်၍ အောင်မြင်သည်။ 
(၈-ဘာသာစကား၊ မြန်မာ၊ ပါဋ္ဌိ၊ ဘင်္ဂလီ၊ နာဂရီ၊ သင်သကရိုက်၊ အင်္ဂလိပ်၊ 
တိဘက်၊ ပြင်သစ်တို့ဖြစ်သည်။)

     ထို့နောက် တက္ကသိုလ်တွင် ပါဋ္ဌိနှင့်သင်သကရိုက်ဘာသာ ပရော်ဆက်စာအဖြစ် ခန့်အပ်၍ 
အခြားဆရာများနည်းတူ လခကိုပေးမည်ဟုပြော၏။ 
ခင်ဗျားကျေးဇူး အလွန်တရာကြီးပါတယ်။ 
လစာမယူပါရစေနှင့် ရှေးကကဲ့သို့သာ ကြည့်ရှူထောက်ပံ့ပါ။ 
ဦးပဉ္ဇင်းသည် သိုသိပ္ပံကျောင်းတွင် 
နှစ်နှစ်ကျော်လောက်ပြပြီးနောက် မိမိမွေးရပ်ဌာနသို့ အရောက်သည်မှာ ကြာပြီးဖြစ်၍ ပြန်ဦးမည်အကြံဖြင့် 
အမတ်ကြီးကိုပြောရာ စရိတ်ဘယ်လောက် အလိုရှိသနည်ဟု မေး၏။ 
ဦးပဉ္ဇင်းက 
ယခုမြန်မာပြည်သို့အပြန်တွင် ကိုးရီးယားပြည်၊ မန်ချူရီးယားပြည်၊ ပို့အာသာမြို့၊ တရုတ်ပြည်၊ အာနမ်ပြည် 
(ကမ္ဘောဒီယား) ယိုးဒယား၊ သီဟိုဋ္ဌ်ကျွန်း၊ အိန္ဒိယနိုင်ငံတို့သို့ လှည့်လည်၍ ပြန်လိုကြောင်းပြောသောအခါ 
ဒုတိယတန်း၌ စားစရိတ်၊ ခရီးစရိတ်ကိုတွက်၍ ပေးလိုက်သည်။ 
ဂျပန်မှ ၁၉၁၀-ခုနှစ်တွင် ထွက်လာကြောင်း။ 
၁၉၁၁-ခုနှစ်တွင် မြန်မာပြည်သို့ရောက်ကြောင်း စသည်ဖြင့် ဖော်ပြထားလေသည်။
အရှင်ဥတ္တမသည် 
ဂျပန်ပြည်တွင်နေစဉ်ကပင်လျှင် ဗမာပြည်နှင့်တစ်ကွ အာရှတိုက်သားတို့၏ စည်းရုံးရေးတရပ်ကို 
အထူးတလဲဆောင်ရွက်ခဲ့ဖူးကြောင်း ကိုယ်တော်တိုက်က ပြောပြ၍ သိရသူ ညီကိုရင်ကြီးထံမှတဆင့် 
ကြားသိရသောအချက်များကား မော်ကွန်းတင်လောက်သောကြီးမားသည့် မြှော်မြင်မှုတရပ်ပင် 
ဖြစ်ပါပေသည်။

               အဖြစ်အပျက်ကား ထိုအချိန်က ဂျပန်ပြည်တွင် အင်္ဂလိပ်စာတတ်သော အိန္ဒိယတိုင်းသား ၃၀၀ 
ခန့်ရှိ၍ ၎င်းတို့မှာ တက္ကစီမောင်းသော အလုပ်ဖြင့် အသင်မွေးနေထိုင်ကြသည်သာများ၍ ထိုသူတို့ကလည်း 
ဆရာတော်ဦးဥတ္တမကို အိန္ဒိယကွန်ဂရက်နှင့် အန္ဒိယမဟာဆဗ္ဗအသင်းကြီး၌ 
ခေါင်းဆောင်တဦးဖြစ်ခဲ့သည့်အနေနှင့် လေးစားကြည်သည်။
အိန္ဒိယတွင် နေစဉ်က အရှင်ဦးဥတ္တမသည် 
ဟင်ဒူမဟာဆဗ္ဗ ခေါ် ဘာသာရေးအသင်းကြီးတွင် ဥက္ကဌဖြစ်ခဲ့ဖူးသည်။ ထိုသို့ဖြစ်ရခြင်းမှာလည်း 
ပြိုင်ဘက်မရှိ၍မဟုတ်။ 
မဒရပ်နယ်မှ နာမည်ကျော်ခေါင်းဆောင်ကြီး ပဏ္ဍိတ်မလဗီးယား ( ယခု ရှရီ 
နေရူးအဖေ၊ မဏ္ဍိတ်မိုလာရလာနေရူးတို့နှင့် တတန်းတည်းထားရသော ခေါင်းဆောင်ကြီး) နှင့် ယှဉ်ပြိုင်ပြီး 
အရွေးခံရာအနိုင်ရသဖြင့် အိန္ဒိယတပြည်လုံးကလိုလိုပင် လေးစားရသော အရှင်ဦးဥတ္တမအား 
၎င်းတို့၏ခေါင်းဆောင်ကြီးဟု အသိအမှန်ပြုထားခြင်းကို ခံရပြီးဖြစ်၏။

   ထိုအချိန်၌ အင်္ဂလိပ်အစိုးရ၏ ကျွန်စာရင်းသွင်းခြင်းကို မခံလိုကြသော ဘုံဘေနယ် ဘာရိုးဒါစတိတ်မှ 
မဟာရာဇာစော်ဘွားတစ်ဦးလည်း အိန္ဒိယကို အင်္ဂလိပ်အစိုးရလက်အောက်မှ ကယ်တင်လိုသောဆန္ဒဖြင့် 
အကူအညီ ရလိုရငြား အရှ့ဘက်ဂျပန်ပြည်သို့သွား၍ လည်ပတ်သည်။

      ဂျပန်တို့ကလည်း စစ်နိုင်သောနိုင်ငံအဖြစ် မာန်တတ်နေကြရာ ၎င်းစော်ဘွားကို ပမာမထား 
အရေးမယူသဖြင့် စော်ဘွားမှာ သာမာန်လူကဲ့သို့ ဟော်တယ်တွင် မသိမသာတည်းခိုနေရသည်။ အိန္ဒိယတွင် 
ထိုစော်ဘွား သွားလေရာ၌ အမြောက်ဆယ့်တစ်ချက်ဖြင့် အလေးပြုခံခွင့်ရသော်လည်း ဂျပန်တို့က 
ထိုအချက်ကို အရေးမလုပ်ဘဲ မသိလိုက်ဘာသာ နေခဲ့သည်။

          အိန္ဒိယသားတို့က ထိုကိစ္စကို ဆရာတော်ဦးဥတ္တမထံသို့လာရောက် ပြောပြကြသောအခါမ 
ဆရာတော် ဦးဥတ္တမက အမတ်ကြီးအိုတာနီ (ထိုအခါက စက်မူလက်မူဝန်ကြီး) နှင့်တွေ့ဆုံပြီး 
ထိုစော်ဘွားကြီးကို ဂျပန်အစိုးရက အလေးပြုသင့်သည်။ 
ဂျပန်သည် အရှေ့ဘက်ကမ္ဘာတွက် 
လက်နက်နုင်ငံကြီး တစ်နိုင်ငံဖြစ်သော်လည်း အရှေ့အာရှတိုက်တွင် ဥရောပတိုက်သားတို့က 
နယ်ချဲ့သွေးစုတ်လျက်သာရှိရာ ဂျပန်တစ်ဦးတည်း ထီးထီးနေ၍ ဘယ်တော့မှစိတ်ချရ။ အာရှတိုက်သားတို့ကို 
တန်းတူဖြစ်အောင်ကူညီပေးခြင်း၊ ၎င်းတို့နှင့်စုပေါင်းဖွဲ့စည်းနေခြင်းကိုသာ လိုလားအပ်သည်ဟု 
ဝါဒဖြန့်ပေးခဲ့သည်။

         ထိုအခါမှ အမတ်ကြီးကသဘောကျသွား၍ အစိုးရအဖွဲ့နှင့် သဘောတူညီမှုယူပြီးလျှင် 
ဧည့်ခံကြိုဆိုသော ဥယျဉ်ပွဲတပွဲကို ကျင်းပပြီး စော်ဘွားကြီးနှင့် ဆရာတော်ဦးဥတ္တမကိုပါ မင်းခမ်းမင်းနားနှင့် 
ပင့်ခေါ်၍ မတ်ဆက်စကားအသီးသီးပြောဆိုကြရလေသည်။